Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်သာမြို့နယ် ကျေးရွာနှစ်ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

20 March 24

"တောင်သာမြို့နယ် ကျေးရွာနှစ်ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး"

တောင်သာ မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကင်းဇလုတ်ကျေးရွာနှင့် ထန်းပေါက်ကုန်းကျေးရွာတို့တွင် စီမံကိန်းချေးငွေဖြင့်လည်ပတ်ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် စာရင်းဇယားများဖြည့်သွင်းထားရှိမှုအား မြို့နယ်ကျေးလက်ဦးစီးဌာနမှတာဝန်ရှိသူများ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းရာတွင် တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လင်းလင်းနွယ်နှင့် မြစိမ်းရောင်စီမံကိန်းတာဝန်ခံ ဒေါ်ပပဝင်းခိုင်တို့လိုက်ပါ၍ ကင်းဇလုတ်ကျေးရွာနှင့် ထန်းပေါက်ကုန်းကျေးရွာတို့တွင် ချေးငွေဖြင့် အမှန်တကယ်ဆောင်ရွက်နေသော စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်ကြသူများ၏ မြေပြင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကျေးရွာကော်မတီဝင်များမှ ရှင်းလင်းတင်ပြခဲ့ကြပြီး ကဏ္ဍအလိုက်ဖြည့်သွင်းရသည့် စီမံကိန်းငွေစာရင်းပုံစံများ ဖြည့်သွင်းထားရှိမှုတို့ကို တိုက်ဆိုင်စစ်ဆေးကာ ဦးစီးအရာရှိက ချေးငွေများအလေအလွင့်မဖြစ်စေရေး၊ စီမံကိန်းလုပ်ငန်းများရေရှည်အောင်မြင်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် စီမံကိန်းရန်ပုံငွေ အရင်းအတိုးများအား အချိန်မှန်ပေးသွင်းကြရန် ဆွေးနွေးမှာကြားခဲ့ကြသည်။
အဆိုပါ ကင်းဇလုတ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ဆဌမနှစ်စက်ဝန်းအဖြစ် အသင်းသား၊ အသင်းသူ ၁၁၂ ဦးမှ စီမံကိန်းမတည်ရန်ပုံငွေ ကျပ် ၃၈၄ သိန်း၊ ထန်းပေါက်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ပဉ္စမနှစ်စက်ဝန်းအဖြစ် အသင်းသား၊ အသင်းသူ ၁၃၄ ဦးမှ စီမံကိန်းမတည်ရန်ပုံငွေ ကျပ် ၃၆၄ သိန်းတို့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများစသည့် စီမံကိန်းလုပ်ငန်းများ လည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းတောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံက သိရသည်။

 


                                                                                                                                                                                                                                                           နွဲ့ယဥ်